Saturday, May 21, 2011

တာဝန်

မိသားစုအတွက်
ကျနော့်ဘဝကို ပေးခဲ့ပြီးပြီမေမေ
အချိန်ကျလာတဲ့တနေ့
နိုင်ငံနဲ့လူမျိုးအတွက်
ကျနော့်ဘဝကို စတေးချင်သေးတယ်။   ။

Sunday, April 17, 2011

ဆန်တီယာဂို

မွေးရာပါချို့တဲ့မှုနဲ့
ဘဝကအသားသေပြီးသား
ခရီးမပေါက်တဲ့လမ်းတွေပေါ်မှာ
ဖေါင်အခါခါဖျက်ရင်း
အသက်ရှုပိုပိုကျပ်လာတယ်
ကျနော်ဟာနွားပါ။   ။

Thursday, April 14, 2011

အကျဉ်းချုပ်

အသက်(ပိုပို)ကြီးလာတာရယ်
ခါး(ပိုပို)ကိုင်းလာတာရယ်
မျက်စိ(ပိုပို)မှုန်လာတာရယ်
အစွန်းအထင်း(ပိုပို)များလာတာရယ်ကလွဲလို့
ကျနော်ဟာ မိမွေးတိုင်း၊ဖမွေးတိုင်းပါပဲ။   ။

Thursday, March 3, 2011

ကာတာရောက်မြန်မာ

 ကာတာရောက်မြန်မာများအနေဖြင့် မလွဲမသွေကြုံရမည့် အခက်အခဲ တချို့ရှိသည်။
(၁)ရာသီဥတုပြင်းထန်ခြင်း
(၂)ငွေလွှဲအာမခံမရှိခြင်း
(၃)နိုင်ငံကူလက်မှတ်သက်တမ်းတိုးမလွယ်ခြင်း
(၄)ဘာသာစကားကွာခြားခြင်း

ရာသီဥတုပြင်းထန်ခြင်း
 ကန္တာရနိုင်ငံဖြစ်သည့်အလျောက် အပူအအေးပြင်းထန်သည်။ရေသည် နွေအခါတွင် အရေပြားလောင်သည်အထိ ပူပြင်းပြီး၊ ဆောင်းတွင် ရေမခဲသည့်တိုင် ကျင်စက်နေအောင်အေးသည်။ နွေ(၈)လ၊ ဆောင်း(၄)လ ပျမ်းမျှရှိသည်။

ငွေလွှဲအာမခံမရှိခြင်း
 ကာတာရောက်မြန်မာများအနေဖြင့် ငွေလွှဲရာတွင် အခြားနိုင်ငံများကဲ့သို့ တရားဝင်ငွေလွှဲအေဂျင်စီများမရှိပါ။ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူ အနည်းအကျဉ်းရှိသော်လည်း ငွေလွှဲနှုန်းကြီးမြင့်ခြင်း၊ အချိန်ကြာမြင့်ခြင်းနှင့် အိမ်ပို့ခတောင်းခံခြင်း (မြန်မာနိုင်ငံတွင်လည်း လမ်းစားရိတ်တောင်းပြန်ပါသည်) တို့အပြင် လိမ်လည်မှုများလည်း ဖြစ်ပွားလေ့ရှိသည်။ ငွေလွှဲရာတွင်လည်း ရုံးခန်း/ ဆိုင်ခန်းမရှိပဲ သောကြာနေ့တိုင်းတွင် လူစုံလေ့ရှိသော (ငွေလွှဲလုပ်သူများအခေါ် စုရပ်ဟုဆိုသော) ကားဝင်းအနီး မြက်ခင်းပြင်တနေရာပေါ်တွင် ငွေလွှဲရခြင်းဖြစ်သည်။ မြန်မာအများစုရှိသောနေရာများ၊ ဟိုတယ်များကိုတော့ ငွေလွှဲလုပ်သူများက ပိုက်ဆံလာကောက်လေ့ရှိသည်။

နိုင်ငံကူလက်မှတ်သက်တမ်းတိုးမလွယ်ခြင်း

 ကာတာနိုင်ငံတွင် မြန်မာသံရုံးမရှိသဖြင့် သက်တမ်းတိုးရာတွင် အခက်အခဲများရှိသည်။ လူရည်လည်သော/ အဆက်အသွယ်ကောင်းသော/ အတွေ့အကြုံရှိသော/ အချိန်ပေးနိုင်သော သူတချို့က အီဂျစ်/ကူဝိတ်နိုင်ငံရှိ မြန်မာသံရုံးသို့ဆက်သွယ်ကာ စာအုပ်နှင့်ငွေပို့ကာ သက်တမ်းတိုးကြသည်။ တချို့အနေဖြင့် မြန်မာနိုင်ငံသို့ပြန်ကာ သက်တမ်းတိုးကြသည်။ အချိန်မပေးနိုင်သော/ ခွင့်အခက်အခဲရှိသောသူများအနေဖြင့် ပွဲစားများမှတဆင့် သက်တမ်းတိုးရသည်။ ပွဲစားမှတဆင့်သက်တမ်းတိုးရာတွင် အချိန်ကြာမြင့်ခြင်း၊ ငွေကုန်ကြေးကျပိုများခြင်းနှင့်အတူ လိမ်လည်မှုများလည်း ခံရတတ်သည်။ စာအုပ်လည်းပေး၊ ပိုက်ဆံလည်းပေး၍ ရင်တထိတ်ထိတ်ဖြင့် စောင့်မျှော်ရသည်။ ကံအကြောင်းမလှ၍ လိမ်ခံထိပါက အဖြေအရှင်းမတတ်လျှင် မိမိပင် ထောင်နန်းစံရဦးမည်။

ဘာသာစကားကွာခြားခြင်း
 အာရပ်ကမ္ဘာမို့ အာရဗီစကားကိုသာ အဓိကထားသုံးစွဲကြသည်။ အင်္ဂလိပ်လို ကျယ်ပြန့်စွာသုံးနိုင်သော်လည်း အသံထွက်မတူခြင်း၊ အသုံးအနှုန်းကွဲခြင်းများကို ကြုံတွေ့ရမည်။

အခြားအခက်အခဲများ
 ကာတာနိုင်ငံတွင် မြန်မာအစားအစာ၊ မြန်မာအသုံးအဆောင်ပစ္စည်းများ မရပါ။ ခန့်မှန်းခြေအရ ကာတာနိုင်ငံတွင် မြန်မာလူမျိုး ၃၀၀ ဝန်းကျင်ခန့်ရှိမည် ဖြစ်သော်လည်း မြန်မာအချင်းချင်း ဆုံတွေ့နိုင်ရန်မလွယ်ကူပါ။ မြန်မာနိုင်ငံသို့ ဖုန်းခေါ်ဆိုခ ဈေးကြီးသည်။ လေယာဉ်ခ ဈေးကြီးသည်။ အရက်နှင့်မူးယစ်ဆေးဝါး (ဈေးကြီးပြီး အရည်အသွေးမကောင်းသော်လည်း) လွယ်ကူစွာမရနိုင်ပါ။

မှတ်ချက်။   ။တနှစ်ကျော်ဖြတ်သန်းလာသော အတွေ့အကြုံပေါ်မူတည်၍ ရေးခြင်းဖြစ်ပါသည်။ စနစ်တကျလေ့လာ၊ စုံစမ်းထားခြင်းမျိုးမဟုတ်ဘဲ ယေဘူယျသဘောသာ ဖြစ်ပါသည်။လူတယောက်နှင့် အခြားလူတယောက် ဖြတ်သန်းပုံ၊ လေ့လာပုံ၊ အမြင်များ မတူညီနိုင်ပါ။ မည်သူတဦးတယောက်ကိုမျှ ထိခိုက်အောင်မရည်ရွယ်ပါ။ အတွေ့အကြုံ ဝေမျှခြင်းသာဖြစ်သည်။   ။

Wednesday, March 2, 2011

သစ္စာလမ်း

သစ္စာလမ်းဟာအရင်လိုမဟုတ်တော့ဘူး
သစ္စာလမ်းမှာအရိပ်ခိုစရာမရှိတော့ဘူး
သစ္စာလမ်းမှာမွေးပြီး
သစ္စာလမ်းမှာကြီးခဲ့ပေမယ့်
သစ္စာလမ်းကငါ့ကိုမသိတော့ဘူး
သစ္စာလမ်းဟာသူစိမ်းဆန်သွားပြီ
သစ္စာလမ်းဟာအရင်ကထက်ကြမ်းလာတယ်
သစ္စာလမ်းမှာဘောလုံးကန်လို့မကောင်းတော့ဘူး
သစ္စာလမ်းမှာအထပ်မြင့်တိုက်တွေတိုးလာတယ်
သစ္စာလမ်းမှာမျက်နှာစိမ်းတွေများလာတယ်
သစ္စာလမ်းရဲ့အရင်နာမည်ဘယ်သူသိသေးလဲ
သစ္စာလမ်းမှာလူဟောင်းတွေဘယ်သူရှိသေးလဲ
သစ္စာလမ်းရဲ့ဇတွေဘယ်ရောက်ကုန်ပြီလဲ
သစ္စာလမ်းရဲ့ညတွေဘယ်သူစိုးမိုးထားလဲ
သစ္စာလမ်းမှာဂစ်တာတီးပြီးသီချင်းဆိုချင်သေးတယ်
သစ္စာလမ်းရဲ့လမ်းဘေးခုံတွေမှာထိုင်ချင်သေးတယ်
သစ္စာလမ်းဟာတချိန်ကတော့ဘာဆိုလားပဲ
သစ္စာလမ်းကိုပြန်ရောက်တိုင်း
သစ္စာလမ်းဟာသစ္စာလမ်းနဲ့မတူတော့လို့
သစ္စာလမ်းကိုလွမ်းရတယ်
သစ္စာလမ်းမှာသစ္စာလမ်းကိုပြန်ရှာရင်းနဲ့
သစ္စာလမ်းပေါ်လျှောက်ရင်း
သစ္စာလမ်းကိုငေးရင်း
စိတ်ကအတိတ်ကိုခဏခဏကျွံကျွံကျတယ်။   ။

Saturday, February 26, 2011

အိမ်ပြန်ချိန်

အိမ်ပြန်ချိန်ဟာ...ဒီရက်ပိုင်းထဲမှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...ဒီလပိုင်းထဲမှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...ဒီနှစ်ထဲမှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...မနက်ခင်းလေးမှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...ညနေပိုင်းမှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...ညချမ်းချိန်မှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...တနင်္လာနေ့...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...မိုးရာသီထဲမှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...မိုးရွာတဲ့နေ့...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...မိုးမရွာတဲ့နေ့...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...မိုးရာသီထဲက မိုးရွာတဲ့ တနင်္လာနေ့...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...မိုးရာသီထဲက မိုးမရွာတဲ့ တနင်္လာနေ့...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...လူသိရှင်ကြား...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...လူမသိသူမသိ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...အိမ်ကိုပြန်တဲ့အချိန်...ဖြစ်တယ်
အိမ်ပြန်ချိန်ဟာ...စိတ်ကူးယဉ်လို့...ကောင်းတယ်။   ။

Wednesday, February 23, 2011

ဒီဇာတ်လမ်းဟာ စိတ်ကူးယဉ်ဝတ္ထုဖြစ်တယ်

အစ။   ။အချစ်နဲ့စစ်မှာ
           မတရားတာမရှိဘူးသီတာ
           ပိုင်ဆိုင်မှုအတွက်
           သိမ်းပိုက်ခြင်းပဲရှိတယ်။

အလယ်။   ။ငိုနေတဲ့မျက်လုံးတွေမှာ
                အမုန်းတွေကိုတွေ့တယ်
                ပြုံးပါဦးလားသီတာရယ်
                တဘဝလုံးစာမုန်းရလောက်အောင်
                ငါ့အချစ်တွေက အပြစ်ဖြစ်ခဲ့ပြီလား။

                မုန်းပါသီတာ
                ရှုံးသူမှမဟုတ်ပါဘူး
                နိုင်တယ်ထင်မိရသူရဲ့ရင်ထဲမှာလည်း
                မျက်ရည်စတွေနဲ့ပါ။

အဆုံး။   ။ကိုယ်ကချစ်မိသူပါသီတာ
              အချစ်တခုတည်း သိခဲ့မိသူမို့
              အပြစ်ရှိခဲ့တယ်ဆိုရင်လည်း
              မင်းလက်နဲ့ငါ့ကိုသတ်
              ပြီးမှ ငါ့ရင်ကနေထွက်ပါ။

              ချစ်သူရဲ့အမုန်း
              အေးစက်တဲ့အပြုံးတွေနဲ့
              တလောကလုံးကို
              ကိုယ်အရှုံးပေးလိုက်တယ်
              မင်းပျော်ပါစေ သီတာ။

နောက်ဆက်တွဲ။   ။မချစ်သူနဲ့အတူနေရတဲ့ငရဲ
                          ချစ်သူနဲ့ခွဲနေရတဲ့ငရဲထက်
                          ချစ်မိတဲ့ငနဲရဲ့ဘဝဟာ
                          ငရဲအမျှပူလောင်တယ်ဆိုတာ
                          ချစ်မိခဲ့သူသာအသိဆုံးပါ။

ဒါပေမယ့် သီတာရယ်...။   ။

အောက်ခြေလူတန်းစား အထက်လွှာ

ညီလေးရေ...
ကမ္ဘာကြီးရဲ့တနေရာစီမှာ
မင်းနဲ့ငါ
ကိုကြီးရေ...
မတူညီတဲ့ယဉ်ကျေးမှုတွေကြားမှာ
မင်းနဲ့ငါ
ကိုယ့်ဘဝကို ကိုယ်ရှာဖွေကြရင်းနဲ့ပဲ
မိသားစုဘဝ နွေးထွေးမှုကို
အေးစက်စက် ခံစားနေတတ်ခဲ့ကြပြီ။

ခေတ်ကြီးကို လက်ညှိုးထိုး
စနစ်ကို လက်ညှိုးထိုး
နောက်ဆုံးကွာ
ကံကြမ္မာကိုပဲ အပြစ်တင်ရင်း
အသက်တွေသာ ကြီးသွားကြတယ်
ဘဝတွေကတော့
ခွေးလျက်တဲ့ ထညက်တွေလို
တ ဖြည်း ဖြည်း နဲ့ လုံး...ပါး...ပါး...ခဲ့။   ။

Wednesday, February 9, 2011

မဲပြာပုဆိုးများ

   ပြောလက်စ စကားကိုရပ်ပြီး အမှတ်မဲ့ဆေးလိပ်မီးညှိတယ်၊ လူတွေ ကားပေါ်အလုအယက်တက်၊ ကားတွေ လမ်းပေါ်အလုအယက်မောင်း၊ သူ မျက်စောင်းလှလှလေးထိုးတယ်၊ 'ဒါပါနဲ့ဆို ၁၀လိပ်ရှိနေပြီနော်'တဲ့၊ 'တမနက်ခင်းမှမကျိုးသေးဘူး'၊ သူတောင်းစားတွေ ပိုပိုများလာတယ်၊ စကတ်တွေ ပိုပိုတိုပြီး၊ အင်္ကျီလည်တွေ ပိုပိုဟိုက်လာတာ ကမ္ဘာကြီး ပိုပိုပူနွေးလာလို့ဖြစ်မယ်၊ ခုတလော ပူရှာလို့နဲ့တူပါရဲ့၊ celebrities တော်တော်များများလည်း အဝတ်မကပ်တော့တာ အင်တာနက်ထဲမှာ၊ လက္ဘက်ရည်ဆိုင်မှာ၊ ဘုံဆိုင်မှာ၊ ဈေးလည်မှာ၊ ဘောလုံးပွဲမှာ။
   စီးချင်တဲ့ကားက ရောက်မလာဘူး၊ ရောက်လာတဲ့ကားက တက်မရဘူး၊ ရောင်းရမရောင်းရတော့မသိဘူး၊ ဂျာနယ်တော်တော်များများတော့ လန်းနေလေရဲ့၊ လမ်းဘေးမှာ၊ ပလက်ဖေါင်းပေါ်မှာ၊ တိုက်လှေကားမှာ၊ မီးပွိုင့်မှာ၊ ယူချင်ယူ မယူချင်နေ အတင်းကမ်းတဲ့ လက်ကမ်းကြော်ငြာစာရွက်များ၊ ပန်းသည်၊ ဆေးလိပ်နဲ့ကွမ်းယာ၊ billboards၊ အပေါ်လမ်းအောက်လမ်းခေါ်သံများ၊ အကြောင်းမရှိ အကြောင်းရှာရယ်မောတတ်သော ဆယ်ကျော်သက်များ၊ လက်ကိုင်ဖုန်းများ၊ အများပြည်သူသုံး တယ်လီဖုန်း၊ ဘုန်းကြီး၊ မယ်သီလရှင်၊ ဗမာ၊ တရုတ်၊ ကုလား၊ ပြည်ထောင်စုဖွါး တိုင်းရင်းသားများ၊ နိုင်ငံသားမဟုတ်သူများ၊ လမ်းပေါ်မှ အလေအလွင့်များ၊ ဖိနပ်လှလှလေးများ၊ ခြေထောက်လှလှလေးများ၊ ကျောပိုးအိပ်လှလှလေးများ၊ ရောင်စုံထီးများ၊ ဦးထုပ်များ၊ နေကာမျက်မှန်အောက်မှ မျက်လုံးများ၊ ရေသန့်ဘူးများ၊ ဆေးလိပ်တိုများ၊ ကျွတ်ကျွတ်အိပ်များ၊ ကွမ်းသွေးများ။
   နောက်တခါမီးညှိလျှင် ၁၁ခါမြောက် သူမျက်စောင်းထိုးလိမ့်ဦးမည်၊ မှတ်တိုင်မှာ ကားတားလျှင် မည်သည့်အငှားယာဉ်မှ ရပ်မပေးချင်ကြပါ။ မရည်ရွယ်ပဲ တယောက်မျက်နှာတယောက်ကြည့်ပြီး သက်ပြင်းကိုယ်စီ ချမိခဲ့ကြသည်။

Thursday, February 3, 2011

မီး

ဒီလိုနဲ့...တနေ့ပြီးတနေ့ အချိန်တွေသာကုန်ခဲ့တယ်
ငါ့မှာ လက်ဆုပ်လက်ကိုင်ပြစရာဆိုလို့ ဒါဏ်ရာတွေပဲရှိတယ်။
ဘဝကမမှားဘူး။ငါကမှားခဲ့တာ။
ငါက ဘဝကို မှားခဲ့တာ။   ။

Monday, January 31, 2011

လှိုင်း

ဘဝကို...
မိုက်မိုက်မဲမဲ (ရောင့်ရဲ/ရိုးသား/သမားရိုးကျ/သာယာ) မိခဲ့တော့လည်း
ခက်ခက်ခဲခဲ (အားတင်း/ရုန်းကန်/ပေးဆပ်) ရတာပေါ့
တကယ်တမ်းပြောရရင်တော့
ဘဝဆိုတာ...(ဂငယ်ကွေ့) ကွေ့လို့မရတဲ့အရာ။   ။

Sunday, January 30, 2011

ပင်နယံ

မင်္ဂလာပါ...
မင်္ဂလာနံနက်ခင်းပါ...
မင်္ဂလာနေ့လည်ခင်းပါ...
မင်္ဂလာညနေခင်းပါ...
မင်္ဂလာညချမ်းပါ...
နေထိုင်ကောင်းပါရဲ့လား...
ဒါကဒီလိုရှိပါတယ်...
ဟိုဟာကဟိုလိုရှိပါတယ်...
ကျေးဇူးတင်ပါတယ်...
နောင်လည်းလာခဲ့ပါ...
အာရုံလာလာမလာလာ
အကျင့်ပါသလိုဖြစ်နေတာက
အပြုံးမျက်နှာနဲ့ချိုသောစကား
ကြာလာတော့လည်း...
ငြီးငွေ့မိတယ်ဆိုတာ
ဘယ်သူ့ကိုရင်ဖွင့်ပြရမလဲ
အဆင်ပြေပြေမပြေပြေ
တလတခါအိမ်ကိုငွေပို့နိုင်ဖို့အတွက်
ခံစားချက်တွေကိုမျိုသိပ်
အောင့်အည်းရလွန်းလို့
တခါတခါမှာ...
လူဆိုတာတောင် ကိုယ့်ကိုကိုယ်မေ့နေလေရဲ့
ဖြစ်သလိုနေ...
ဖြစ်သလိုစား...
ဖြစ်နေရတဲ့ဘဝကို
နားလည်အောင်လည်းမပြောချင်တော့ပါဘူးလေ
ဖြစ်သမျှအကြောင်းအကောင်းလို့မှတ်
ရှေ့ဆက်...မနက်ဖန်များစွာကျန်သေးတယ်။   ။

Saturday, January 29, 2011

နှောင်း

ရည်စူး​ပြီး​ဖူး​ခဲ့​ပေ​မယ့်
ချိန်​ခါ​သင့်​မ​ပွင့်​တတ်​ခဲ့​တော့
ပန်းဦး​လည်း...လွဲ​ခဲ့​ရ​ပြီ​မေ
ရင်​တ​ခု​လုံး​ဝေ​နေ​အောင်
အလွမ်း​တွေ​ပွင့်​ခဲ့​ပေ​မယ့်
မေ​မ​သိ​ခဲ့​တော့​လည်း
နွမ်း​ပါ​စေ...
ကြွေ​ပါ​စေ...
ရှိ​ပါ​စေ​တော့...မေ
ပွင့်​ရာ​က​ကြွေ
ကြွေ​ရာ​က​နွမ်း
ဒါ​ပေ​မယ့်​လေ
တိုက်ဆိုင်​တတ်​တဲ့​အခါ​တိုင်း
ဟိုး​အရင်​က​အကြောင်း​တွေ​ကို​တော့
ရိုး​ရိုးသား​သား...လွမ်း​ပါ​ရ​စေ
လွမ်း​နေ​ပါ​ရ​စေ...မေ။   ။

   ''အချစ်​ဆို​တာ''
တ​နေ့⁠နေ့​တ​ချိန်⁠ချိန်​ကို​စောင့်စား​ရင်း
ရင်​တ​ခု​လုံး​ဝေ​နေ​အောင်​ပွင့်​ခဲ့​ရ​တဲ့​အလွမ်း
ပြော​ဖို့​သိမ်းထား​ခဲ့​တဲ့​စကား​တွေ
ထင်မှတ်​မ​ထား​တဲ့​အချိုး​အကွေ့​တ​ခု​မှာ
ပြော​ခွင့်​မ​ရှိ​တော့​တဲ့​အခါ
မ​ခြွေ​ပေ​မယ့်​ကြွေ​ခဲ့​တယ်။   ။

Friday, January 21, 2011

အတိုအစများ

ဘဝကို တခါပြန်စခွင့် ရှိခဲ့ရင်တောင်မှ ဘယ်နေရာကပြန်စရမယ်မှန်း ကျနော်မသိဘူးမေမေ။ ရိုးသားဖြူစင်တဲ့ ကလေးဘဝလား၊ လန်းဆန်းတက်ကြွတဲ့ ဆယ်ကျော်သက်အရွယ်လား၊ အရွယ်ရောက်ကာစ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တဲ့အချိန်လား ကျနော်ဘာကိုရွေးရမှာလဲမေမေ။ သေချာတာတခုကတော့ ကျနော်ရိုးသားချင်တယ်၊ ကျနော်ရဲရင့်ချင်တယ်၊ ကျနော်ဖြူစင်ချင်တယ်၊ ကျနော်တက်တက်ကြွကြွရှိနေချင်တယ်။ မစ္ဆိရစိတ်ကင်းကင်းနဲ့ ဘဝကိုတည်ဆောက်ချင်တယ်။ ဒါပေမယ့်လည်း မေမေရယ်၊ ဖြစ်ပျက်သွားတာတွေက သိပ်မြန်တယ်။ သိပ်ကိုမြန်ခဲ့တယ်။ ရွေးချယ်ခဲ့သည်ဖြစ်စေ၊မဖြစ်စေ ကျနော်ပျိုးခဲ့တဲ့မျိုးကို ကျနော်ရိတ်သိမ်းရမှာပေါ့မေမေ။စိတ်ပျက်တယ်ရယ်လို့ မဟုတ်ပေမယ့် မကျေမနပ်တော့ ဖြစ်မိတာပေါ့မေမေ။လက်ရှိဘဝကို နေတတ်ဖို့၊ ကျေနပ်တတ်ဖို့ ကျနော်ကြိုးစားနေပေမယ့်။တကယ်တမ်းကျတော့ ကျနော်မရင့်ကျက်သေးပါဘူးမေမေ။

Sunday, January 16, 2011

ချင်

ချင်
ချင်ကိုက်တယ်
ချင်တွေကိုက်တယ်
ငယ်ငယ်တုန်းကလည်း...ချင်တွေကိုက်တယ်
ဆယ်ကျော်သက်မှာလည်း...ချင်တွေကိုက်တယ်
အရွယ်ရောက်လာတော့လည်း...ချင်တွေကိုက်တယ်
မိဘအရိပ်မှာနေတုန်းကလည်း...ချင်တွေကိုက်တယ်
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တော့လည်း...ချင်တွေကိုက်တယ်
အရင်တုန်းကလည်း...ချင်တွေကိုက်တယ်
အခုလည်း...ချင်တွေကိုက်တယ်
နောင်လည်း...ချင်တွေကိုက်နေဦးမှာပဲ
ဪ...ချင်...ချင်...ချင်...
တဘဝလုံးစာကိုကိုက်တဲ့...ချင်။   ။

Tuesday, January 11, 2011

ကျနော်​တို့ ပျော်​ကြ​တယ်

အပျော်​တမ်း ကဗျာ​ရေး​တယ်
အပျော်​တမ်း သီချင်းဆို​တယ်
အပျော်​တမ်း လက်​ဝှေ့​ထိုး​တယ်
အပျော်​တမ်း ဖဲကစား​တယ်
အပျော်​တမ်း တောင်​တက်​တယ်
အပျော်​တမ်း ရုပ်​ရှင်​ရိုက်​တယ်
 အပျော်​တမ်း ဘော်​လုံး​ကန်​တယ်
အပျော်​တမ်း အရက်​သောက်​တယ်
အပျော်​တမ်း နှင်း​လျော​စီး​တယ်
အပျော်​တမ်း ရည်းစားထား​တယ်
အပျော်​တမ်း ကား​ပြိုင်​တယ်
အပျော်​တမ်း နိုင်ငံ​ရေး​လုပ်​တယ်
အပျော်​တမ်း လိင်​ဆက်ဆံ​တယ်
အပျော်​တမ်း စစ်​မှု​ထမ်း​တယ်
အပျော်​တမ်း နွား​ရိုင်း​သတ်​တယ်
အပျော်​တမ်း ဂ​ဏာန်း​တွက်​တယ်
အပျော်​တမ်း မူး​ယစ်​ဆေး​သုံး​တယ်
အပျော်​တမ်း အမဲ​လိုက်​တယ်
အပျော်​တမ်း ပ​ဟေ​ဠိ​ဖွက်​တယ်
အပျော်​တမ်း ပဉ္စ​လက်​ပြ​တယ်
အပျော်​တမ်း လူသတ်​တယ်
ဟုတ်ကဲ့...ဟော့​ဒီ​လောက​ကြီး​ထဲ​မှာ ကျနော်​တို့ပျော်​ကြ​ပါ​တယ်။   ။

Monday, January 10, 2011

အလွမ်း​အကြောင်း​ရေး​တဲ့​ကဗျာ

နေသာလို့လွမ်းတယ်
မိုးရွာလို့လွမ်းတယ်
နေ့မို့လို့လွမ်းတယ်
ညမှောင်လို့လွမ်းတယ်
ပူလို့လွမ်းတယ်
အေးလို့လွမ်းတယ်
သတိရလို့လွမ်းတယ်
ရိုးရိုးသားသားလွမ်းတယ်
လွမ်းချင်လို့ကိုလွမ်းတယ်။

Sunday, January 2, 2011

ကဗျာ

ကဗျာ​ရေး​သူ​နဲ့
ကဗျာ​ဖတ်​သူ​ကြား
ကဗျာ​တွေ ခြား​လာ​တယ်
ကဗျာ​ရေး​သူ​ဟာ​ကဗျာ​ဆရာ​ဖြစ်လာ​ပြီး
ကဗျာ​ဖတ်​သူ​ဟာ​ကဗျာ​စား​သုံး​သူ
ကဗျာ​ကို ကဗျာ​နဲ့​ပို့ချ
ကဗျာ​ကို ကဗျာ​နဲ့​တော်​လှန်
ကဗျာ​ကို ကဗျာ​နဲ့​ထုတ်​လုပ်
အရှေ့၊အနောက်၊တောင်၊မြောက်၊အလယ်
အတိတ်၊ပ​စ္စု​ပန်၊အနာ​ဂါတ်
ကဗျာ​တွေ စီး​ဆင်း​ခဲ့​ကြ​တယ်
ကဗျာ​တွေ စီး​ဆင်း​နေ​ကြ​တယ်
ကဗျာ​တွေ စီး​ဆင်း​တယ်
ကဗျာ​လို့ သိသာ​စေ​တဲ့​ကဗျာ
ကဗျာ​လို့ မ​ထင်​ရ​တဲ့​ကဗျာ
ကဗျာ​လို့ ဟန်ဆောင်​ထား​တဲ့​ကဗျာ
ကဗျာ​မဟုတ်​တဲ့ ကဗျာ
ကဗျာ​တွေ​ကြား​ထဲ​မှာ ကဗျာ​ဆို​တာ
မ​သိ​စိတ်​နဲ့​ကိုးကွယ်​မိ​တဲ့
တတိယ​မြောက်​ဘုရားသခင်။   ။

Saturday, January 1, 2011

အသစ်​တ​ဖန်

မင်္ဂလာ​ပါ။ဘ​လော့​ကို ယူ​နီ​ကုတ်​နှင့် ပြောင်း​ရေး​မည်​ဖြစ်​သော​ကြောင့် အရင်​ဘ​လော့​အား ဖျက်​လိုက်​ပြီး အသစ်​တ​ဖန်​ပြန်​ဆောက်​ထား​ခြင်း ဖြစ်​ပါ​သည်။အရင်​က အဟောင်း​များ​ကို​တော့ FEELING,DREAM,NOTHING တွင်သွားရောက် ဖတ်​ရှု​နိုင်​ပါ​သည်။အားလုံး​ပဲ နှစ်​သစ်​မှာ ကိုယ်၊စိတ်၊နှလုံး ချမ်းမြေ့​ကြ​ပါ​စေ။