Wednesday, February 9, 2011

မဲပြာပုဆိုးများ

   ပြောလက်စ စကားကိုရပ်ပြီး အမှတ်မဲ့ဆေးလိပ်မီးညှိတယ်၊ လူတွေ ကားပေါ်အလုအယက်တက်၊ ကားတွေ လမ်းပေါ်အလုအယက်မောင်း၊ သူ မျက်စောင်းလှလှလေးထိုးတယ်၊ 'ဒါပါနဲ့ဆို ၁၀လိပ်ရှိနေပြီနော်'တဲ့၊ 'တမနက်ခင်းမှမကျိုးသေးဘူး'၊ သူတောင်းစားတွေ ပိုပိုများလာတယ်၊ စကတ်တွေ ပိုပိုတိုပြီး၊ အင်္ကျီလည်တွေ ပိုပိုဟိုက်လာတာ ကမ္ဘာကြီး ပိုပိုပူနွေးလာလို့ဖြစ်မယ်၊ ခုတလော ပူရှာလို့နဲ့တူပါရဲ့၊ celebrities တော်တော်များများလည်း အဝတ်မကပ်တော့တာ အင်တာနက်ထဲမှာ၊ လက္ဘက်ရည်ဆိုင်မှာ၊ ဘုံဆိုင်မှာ၊ ဈေးလည်မှာ၊ ဘောလုံးပွဲမှာ။
   စီးချင်တဲ့ကားက ရောက်မလာဘူး၊ ရောက်လာတဲ့ကားက တက်မရဘူး၊ ရောင်းရမရောင်းရတော့မသိဘူး၊ ဂျာနယ်တော်တော်များများတော့ လန်းနေလေရဲ့၊ လမ်းဘေးမှာ၊ ပလက်ဖေါင်းပေါ်မှာ၊ တိုက်လှေကားမှာ၊ မီးပွိုင့်မှာ၊ ယူချင်ယူ မယူချင်နေ အတင်းကမ်းတဲ့ လက်ကမ်းကြော်ငြာစာရွက်များ၊ ပန်းသည်၊ ဆေးလိပ်နဲ့ကွမ်းယာ၊ billboards၊ အပေါ်လမ်းအောက်လမ်းခေါ်သံများ၊ အကြောင်းမရှိ အကြောင်းရှာရယ်မောတတ်သော ဆယ်ကျော်သက်များ၊ လက်ကိုင်ဖုန်းများ၊ အများပြည်သူသုံး တယ်လီဖုန်း၊ ဘုန်းကြီး၊ မယ်သီလရှင်၊ ဗမာ၊ တရုတ်၊ ကုလား၊ ပြည်ထောင်စုဖွါး တိုင်းရင်းသားများ၊ နိုင်ငံသားမဟုတ်သူများ၊ လမ်းပေါ်မှ အလေအလွင့်များ၊ ဖိနပ်လှလှလေးများ၊ ခြေထောက်လှလှလေးများ၊ ကျောပိုးအိပ်လှလှလေးများ၊ ရောင်စုံထီးများ၊ ဦးထုပ်များ၊ နေကာမျက်မှန်အောက်မှ မျက်လုံးများ၊ ရေသန့်ဘူးများ၊ ဆေးလိပ်တိုများ၊ ကျွတ်ကျွတ်အိပ်များ၊ ကွမ်းသွေးများ။
   နောက်တခါမီးညှိလျှင် ၁၁ခါမြောက် သူမျက်စောင်းထိုးလိမ့်ဦးမည်၊ မှတ်တိုင်မှာ ကားတားလျှင် မည်သည့်အငှားယာဉ်မှ ရပ်မပေးချင်ကြပါ။ မရည်ရွယ်ပဲ တယောက်မျက်နှာတယောက်ကြည့်ပြီး သက်ပြင်းကိုယ်စီ ချမိခဲ့ကြသည်။

No comments: