Saturday, February 26, 2011

အိမ်ပြန်ချိန်

အိမ်ပြန်ချိန်ဟာ...ဒီရက်ပိုင်းထဲမှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...ဒီလပိုင်းထဲမှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...ဒီနှစ်ထဲမှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...မနက်ခင်းလေးမှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...ညနေပိုင်းမှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...ညချမ်းချိန်မှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...တနင်္လာနေ့...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...မိုးရာသီထဲမှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...မိုးရွာတဲ့နေ့...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...မိုးမရွာတဲ့နေ့...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...မိုးရာသီထဲက မိုးရွာတဲ့ တနင်္လာနေ့...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...မိုးရာသီထဲက မိုးမရွာတဲ့ တနင်္လာနေ့...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...လူသိရှင်ကြား...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...လူမသိသူမသိ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...အိမ်ကိုပြန်တဲ့အချိန်...ဖြစ်တယ်
အိမ်ပြန်ချိန်ဟာ...စိတ်ကူးယဉ်လို့...ကောင်းတယ်။   ။

Wednesday, February 23, 2011

ဒီဇာတ်လမ်းဟာ စိတ်ကူးယဉ်ဝတ္ထုဖြစ်တယ်

အစ။   ။အချစ်နဲ့စစ်မှာ
           မတရားတာမရှိဘူးသီတာ
           ပိုင်ဆိုင်မှုအတွက်
           သိမ်းပိုက်ခြင်းပဲရှိတယ်။

အလယ်။   ။ငိုနေတဲ့မျက်လုံးတွေမှာ
                အမုန်းတွေကိုတွေ့တယ်
                ပြုံးပါဦးလားသီတာရယ်
                တဘဝလုံးစာမုန်းရလောက်အောင်
                ငါ့အချစ်တွေက အပြစ်ဖြစ်ခဲ့ပြီလား။

                မုန်းပါသီတာ
                ရှုံးသူမှမဟုတ်ပါဘူး
                နိုင်တယ်ထင်မိရသူရဲ့ရင်ထဲမှာလည်း
                မျက်ရည်စတွေနဲ့ပါ။

အဆုံး။   ။ကိုယ်ကချစ်မိသူပါသီတာ
              အချစ်တခုတည်း သိခဲ့မိသူမို့
              အပြစ်ရှိခဲ့တယ်ဆိုရင်လည်း
              မင်းလက်နဲ့ငါ့ကိုသတ်
              ပြီးမှ ငါ့ရင်ကနေထွက်ပါ။

              ချစ်သူရဲ့အမုန်း
              အေးစက်တဲ့အပြုံးတွေနဲ့
              တလောကလုံးကို
              ကိုယ်အရှုံးပေးလိုက်တယ်
              မင်းပျော်ပါစေ သီတာ။

နောက်ဆက်တွဲ။   ။မချစ်သူနဲ့အတူနေရတဲ့ငရဲ
                          ချစ်သူနဲ့ခွဲနေရတဲ့ငရဲထက်
                          ချစ်မိတဲ့ငနဲရဲ့ဘဝဟာ
                          ငရဲအမျှပူလောင်တယ်ဆိုတာ
                          ချစ်မိခဲ့သူသာအသိဆုံးပါ။

ဒါပေမယ့် သီတာရယ်...။   ။

အောက်ခြေလူတန်းစား အထက်လွှာ

ညီလေးရေ...
ကမ္ဘာကြီးရဲ့တနေရာစီမှာ
မင်းနဲ့ငါ
ကိုကြီးရေ...
မတူညီတဲ့ယဉ်ကျေးမှုတွေကြားမှာ
မင်းနဲ့ငါ
ကိုယ့်ဘဝကို ကိုယ်ရှာဖွေကြရင်းနဲ့ပဲ
မိသားစုဘဝ နွေးထွေးမှုကို
အေးစက်စက် ခံစားနေတတ်ခဲ့ကြပြီ။

ခေတ်ကြီးကို လက်ညှိုးထိုး
စနစ်ကို လက်ညှိုးထိုး
နောက်ဆုံးကွာ
ကံကြမ္မာကိုပဲ အပြစ်တင်ရင်း
အသက်တွေသာ ကြီးသွားကြတယ်
ဘဝတွေကတော့
ခွေးလျက်တဲ့ ထညက်တွေလို
တ ဖြည်း ဖြည်း နဲ့ လုံး...ပါး...ပါး...ခဲ့။   ။

Wednesday, February 9, 2011

မဲပြာပုဆိုးများ

   ပြောလက်စ စကားကိုရပ်ပြီး အမှတ်မဲ့ဆေးလိပ်မီးညှိတယ်၊ လူတွေ ကားပေါ်အလုအယက်တက်၊ ကားတွေ လမ်းပေါ်အလုအယက်မောင်း၊ သူ မျက်စောင်းလှလှလေးထိုးတယ်၊ 'ဒါပါနဲ့ဆို ၁၀လိပ်ရှိနေပြီနော်'တဲ့၊ 'တမနက်ခင်းမှမကျိုးသေးဘူး'၊ သူတောင်းစားတွေ ပိုပိုများလာတယ်၊ စကတ်တွေ ပိုပိုတိုပြီး၊ အင်္ကျီလည်တွေ ပိုပိုဟိုက်လာတာ ကမ္ဘာကြီး ပိုပိုပူနွေးလာလို့ဖြစ်မယ်၊ ခုတလော ပူရှာလို့နဲ့တူပါရဲ့၊ celebrities တော်တော်များများလည်း အဝတ်မကပ်တော့တာ အင်တာနက်ထဲမှာ၊ လက္ဘက်ရည်ဆိုင်မှာ၊ ဘုံဆိုင်မှာ၊ ဈေးလည်မှာ၊ ဘောလုံးပွဲမှာ။
   စီးချင်တဲ့ကားက ရောက်မလာဘူး၊ ရောက်လာတဲ့ကားက တက်မရဘူး၊ ရောင်းရမရောင်းရတော့မသိဘူး၊ ဂျာနယ်တော်တော်များများတော့ လန်းနေလေရဲ့၊ လမ်းဘေးမှာ၊ ပလက်ဖေါင်းပေါ်မှာ၊ တိုက်လှေကားမှာ၊ မီးပွိုင့်မှာ၊ ယူချင်ယူ မယူချင်နေ အတင်းကမ်းတဲ့ လက်ကမ်းကြော်ငြာစာရွက်များ၊ ပန်းသည်၊ ဆေးလိပ်နဲ့ကွမ်းယာ၊ billboards၊ အပေါ်လမ်းအောက်လမ်းခေါ်သံများ၊ အကြောင်းမရှိ အကြောင်းရှာရယ်မောတတ်သော ဆယ်ကျော်သက်များ၊ လက်ကိုင်ဖုန်းများ၊ အများပြည်သူသုံး တယ်လီဖုန်း၊ ဘုန်းကြီး၊ မယ်သီလရှင်၊ ဗမာ၊ တရုတ်၊ ကုလား၊ ပြည်ထောင်စုဖွါး တိုင်းရင်းသားများ၊ နိုင်ငံသားမဟုတ်သူများ၊ လမ်းပေါ်မှ အလေအလွင့်များ၊ ဖိနပ်လှလှလေးများ၊ ခြေထောက်လှလှလေးများ၊ ကျောပိုးအိပ်လှလှလေးများ၊ ရောင်စုံထီးများ၊ ဦးထုပ်များ၊ နေကာမျက်မှန်အောက်မှ မျက်လုံးများ၊ ရေသန့်ဘူးများ၊ ဆေးလိပ်တိုများ၊ ကျွတ်ကျွတ်အိပ်များ၊ ကွမ်းသွေးများ။
   နောက်တခါမီးညှိလျှင် ၁၁ခါမြောက် သူမျက်စောင်းထိုးလိမ့်ဦးမည်၊ မှတ်တိုင်မှာ ကားတားလျှင် မည်သည့်အငှားယာဉ်မှ ရပ်မပေးချင်ကြပါ။ မရည်ရွယ်ပဲ တယောက်မျက်နှာတယောက်ကြည့်ပြီး သက်ပြင်းကိုယ်စီ ချမိခဲ့ကြသည်။

Thursday, February 3, 2011

မီး

ဒီလိုနဲ့...တနေ့ပြီးတနေ့ အချိန်တွေသာကုန်ခဲ့တယ်
ငါ့မှာ လက်ဆုပ်လက်ကိုင်ပြစရာဆိုလို့ ဒါဏ်ရာတွေပဲရှိတယ်။
ဘဝကမမှားဘူး။ငါကမှားခဲ့တာ။
ငါက ဘဝကို မှားခဲ့တာ။   ။